အမျိုးသမီးများနှင့်သာ သီးသန့်သက်ဆိုင်သော ရိုဇာ၏ အမိန့်အချို့
မေး။ ။ အမျိုးသမီးများရာသီလာချိန်တွင် ရိုဇာမစောင့်ရခြင်းမှာ မည်သို့နည်း။ ကဇွာ ပြန်ဖြည့်ရမည်လား။
ဖြေ။ ။ တမန်တော်မြတ် (ဆွ) အမိန့်ရှိတော့မူသည်မှာ အမျိုးသမီးများ ရာသီလာနေချိန်တွင် ရိုဇာမစောင့်ဘဲနေကာ ရာသီလာခြင်း ရပ်တန့်သွားသည့်အခါ ကဇွာပြန်ဖြည့်ရမည်။ သို့သော် ထိုရက်များအတွက် နမားဇ်ကိုမူ ကဇွာပြန်ဖြည့်ရန် မလိုအပ်ပေ။
မေး။ ။ ရိုဇာစောင့်နေစဉ် နေ့အချိန်၌ ရာသီလာပါက ရိုဇာဖျက်ရန် တာဝန်ရှိပါသလား။
ဖြေ။ ။ ရိုဇာစောင့်နေစဉ် ရာသီလာပါက ရိုဇာသည် အလိုအလျောက် ပျက်သွားလေသည်။
မေး။ ။ ရမဇာန် လမြတ်၌ ရာသီလာနေစဉ် ရိုဇာမထားသောရက်များတွင် စား၊သောက်ခွင့် ရှိပါသလား။
ဖြေ။ ။ အကယ်၍ ရာသီလာနေသည့်အတွက်ကြောင့် ရိုဇာမထားခဲ့ပါမူ၊ သို့မဟုတ် ရိုဇာထားပြီးနောက် ရာသီလာခဲ့ပါမူ အခြေအနေ နှစ်ခုလုံးတွင် စား၊သောက်ခွင့် ရှိ၏။ သို့သော် လူအများရှေ့တွင် စား၊သောက်ခြင်း မပြုလေနှင့်။ အကယ်၍ နေ့အချိန်တွင် ရာသီသွေးရပ်တန့်သွားခဲ့ပါမူ ကျန်ရှိနေသော အချိန်တွင် ရိုဇာစောင့်ထိန်းသူပမာ နေထိုင်ရန် ဝါဂျစ်ဗ် တာဝန်ဖြစ်ပေသည်။
မှတ်ချက်။ ။ ထိုသို့ ရိုဇာစောင့်ထိန်းသူပမာ နေထိုင်လိုက်ရုံဖြင့် ထိုနေ့၏ ရိုဇာ တာဝန်ကျမည်မဟုတ်ပေ။ ထိုနေ့၏ ကဇွာ ပြန်စောင့်ရမည်။
မေး။ ။ အချို့သော အမျိုးသမီးများသည် ရမဇာန်လမြတ်၌ ရိုဇာအပြည့်ရစေရန်၊ အခြားလများတွင် နမားဇ် အပြည့်ဖတ်နိုင်ရန်အတွက် ရာသီရပ်တန့်အောင် ဆေးဝါးများ သုံးစွဲလေ့ရှိသည်။ ထိုသို့ပြုလုပ်၍ ရိုဇာ စောင့်ခြင်း ပိုင်ပါသလား။
ဖြေ။ ။ အမျိုးသမီးများအတွက် ရာသီသွေးလာခြင်းသည် ဓမ္မတာပင်ဖြစ်၏။ ထို့ကြောင့် ထိုရက်များအတွင်း တရားတော်မြတ်သည် အမျိုးသမီးများကို အခွင့်ထူးခံများသဖွယ် သတ်မှတ်၍ အိဗာဒသ်များတွင် လျှော့ပေါ့ပေးထားလေသည်။ တဖန် ခေတ်သစ်၊ခေတ်ဟောင်း ဆေးသိပ္ပံတွင်လည်း ရာသီသွေးလာခြင်းသည် အမျိုးသမီးများအတွက် ကျန်းမာရေးကောင်းခြင်း၏ လက္ခဏာဟု သတ်မှတ်ထားကြပေသည်။
မည်သို့ပင်ဖြစ်စေ ဆေးဝါးသုံးစွဲ၍ ရာသီသွေးကို ရပ်တန့်ခဲ့ပါမူ ရိုဇာနှင့် နမားဇ်တို့သည် မပြုမနေရ တာဝန်ဖြစ်သွားပေမည်။ ထိုရက်များအတွင်း စောင့်ခဲ့သော ရိုဇာများ၊ ဖတ်ခဲ့သော နမားဇ်များသည် တာဝန်ကျသွားပေမည်။ သို့သော် အမျိုးသမီးများအတွက် ကျန်းမာရေးကို ထိခိုက်စေသောကြောင့် ရှောင်ရှားသင့်ပေသည်။
မေး။ ။ ရိုဇာအပြည့်ရစေရန် ရာသီသွေးအား ရပ်တန့်စေခြင်း ပိုင်ပါသလား။
ဖြေ။ ။ ရှရီအသ်တရားတော်အရ ထိုလုပ်ရပ်အား တားမြစ်ပိတ်ပင်ထားခြင်း မရှိသော်လည်း အကယ်၍ အမျိုးသမီး၏ ကျန်းမာရေးတွင် ထိခိုက်စေခဲ့ပါမူ ထိုသို့ ပြုလုပ်ခြင်း မပိုင်ပေ။
မေး။ ။ စဲဟ်ရီချိန် မကုန်ဆုံးမီ ရာသီသွေးရပ်တန့်သွားပါက ရေမချိုးဘဲ ရိုဇာစောင့်ထိန်းခွင့်ရှိပါသလား။
ဖြေ။ ။ စဲဟ်ရီချိန် မကုန်ဆုံးမီ ရာသီသွေးရပ်တန့်သွားပါက ရေမချိုးနိုင်သည်ဖြစ်စေ၊ မချိုးဘဲနေသည်ဖြစ်စေ ရိုဇာထားရန် ဖရ်ဇ်တာဝန်ဖြစ်သွားပေမည်။
မေး။ ။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ရိုဇာထားလျက် ဝမ်းဆွဲသည်၏ စစ်ဆေးမှုခံယူရန် အရှက်အတွင်းသို့ ဝမ်းဆွဲသည်၏ လက်ချောင်း သို့ လက်ထည့်စေခြင်းသည် ရိုဇာကို ပျက်စေပါသလား။ ပျက်လျှင် ကဖ်ဖာရဟ် ထိုက်ပါသလား။ သို့မဟုတ် ရိုဇာကိုသာလျှင် ကဇွာပြန်ဖြည့်ရမည်လား။
ဖြေ။ ။ ရိုဇာစောင့်ထိန်းစဉ် ဤသို့ ပြုလုပ်စေခြင်းကို ရှောင်ရှားသင့်သည်။ အကယ်၍ လက်တွင် ရေ သို့မဟုတ် ဆီ ရှိနေပါက ရိုဇာပျက်သွားပေမည်။
မေး။ ။ ကိုယ်ဝန်ဆောင်နေစဉ် ရံဖန်ရံခါ သွေးဆင်းတတ်၏။ ထိုသို့ သွေးဆင်းသည့်အတွက် ရိုဇာ ပျက်ပါသလား။
ဖြေ။ ။ ရိုဇာအား ပျက်စေသော အချက်များတွင် (ဟိုင်းဇ်) ခေါ် ရာသီသွေးနှင့် (နိဖားစ်) ခေါ် ကလေးမွေးပြီးနောက် ဆင်းသောသွေး သာပါရှိ၏။ ကိုယ်ဝန်ဆောင်နေစဉ် ဆင်းသည့်သွေးမှာ ရောဂါသွေးတစ်မျိုးသာလျှင်ဖြစ်ပေသည်။ ထို့ကြောင့် ရိုဇာစောင့်ရမည်ဖြစ်သကဲ့သို့ စောင့်နေစဉ် ဆင်းခဲ့ပါကလည်း ရိုဇာမပျက်ပေ။
မေး။ ။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ကိုယ်ဝန်ကြောင့် အပြင်းအထန် ခံစားနေရသောကြောင့် ရိုဇာ ဖျက်လိုက်လေသည်။ ထိုသို့ နာကျင်မှုကြောင့် ရိုဇာဖျက်ပြီးနောက် နေဝင်ချိန်တွင် ကလေးမွေးဖွားလိုက်လေသည်။ ထိုအမျိုးသမီးအပေါ် ရိုဇာဖျက်လိုက်သည့်အတွက် ကဇွာနှင့် ကဖ်ဖာရဟ် နှစ်ခုလုံး ဝါဂျစ်ဗ် ဖြစ်ပါသလား။ သို့မဟုတ် ကဇွာသာလျှင် ဝါဂျစ်ဗ် ဖြစ်ပါသလား။
ဖြေ။ ။ အကယ်၍ ရိုဇာမဖျက်လျှင် မိခင်ဖြစ်စေ၊ သို့မဟုတ် ကလေးဖြစ်စေ ဒုက္ခရောက်နိုင်သည်ဟု အထင်များပါက ရိုဇာဖျက်ခွင့် ရှိပေသည်။ ကဇွာသာလျှင် ပြန်ဖြည့်ရန် ဝါဂျစ်ဗ်ဖြစ်ပြီး၊ ကဖ်ဖာရဟ် ပေးရန်မလိုအပ်ပေ။ အကယ်၍ ထိုသို့မဟုတ်ဘဲ ဖျက်လိုက်ပါက ကဖ်ဖာရဟ်နှင့် ရိုဇာ နှစ်ခုလုံး ဝါဂျစ်ဗ်ဖြစ်ပေမည်။ သို့သော် ယင်းနေ့နေမဝင်မီ ကလေးမွေးဖွားလိုက်ပါက ကဇွာသာလျှင် ဝါဂျစ်ဗ် ထိုက်တော့မည်။
မေး။ ။ ရိုဇာ စောင့်ထိန်းစဉ် ကလေးငယ်ကို နို့တိုက်ကျွေးခြင်းကြောင့် ရိုဇာပျက်ပါသလား။ နို့တိုက်ကျွေးခြင်းကြောင့် ဝူဇူပျက်ပါသလား။
ဖြေ။ ။ ရိုဇာစောင့်နေစဉ် နို့တိုက်ကျွေးခြင်းကြောင့် ရိုဇာမပျက်ပေ။ ထို့အတူ နို့တိုက်ကျွေးခြင်းကြောင့် ဝူဇူလည်း မပျက်ပေ။
မေး။ ။ ရိုဇာ စောင့်နေစဉ် နှုတ်ခမ်းနီဆိုးခြင်း ပိုင်ပါသလား။
ဖြေ။ ။ ရိုဇာသည် အမျိုးသမီးအနေနှင့် နှုတ်ခမ်းနီဆိုးခြင်းပိုင်၏။ သို့သော် ပါးစပ်အတွင်းသို့ ရောက်နိုင်သည်ဟု ထင်ပါက မက်ရူးဟ်ဖြစ်ပေမည်။
မေး။ ။ ရိုဇာစောင့်နေစဉ် မိမိခင်ပွန်းသည်နှင့် အတူ လှဲလျောင်းခြင်း၊နမ်းခြင်း၊လက်ကိုင်ခြင်း အစရှိသည်တို့ ပြုလုပ်ခွင့်ရှိပါသလား။
ဖြေ။ ။ ပြုလုပ်ခွင့်ရှိ၏။ သို့သော် ထိုသို့ပြုလုပ်ခြင်းကြောင့် ကာမဆက်ဆံလိုက်မည်ကို စိုးရိမ်ရပါက မက်ရူးဟ်ဖြစ်ပေမည်။
မေး။ ။ အမျိုးသမီး အချင်းချင်း နမ်းခြင်း၊ဖက်ခြင်း၊ပွတ်ခြင်း (lesbianism) အပြုအမူများလုပ်ခြင်းကြောင့် ရိုဇာပျက်ပါသလား။
ဖြေ။ ။ အမျိုးသမီးအချင်းချင်း နမ်းဖက်ပွေ့ပွတ်ကာ ရသခံစားရင်း သုတ်ရည်ထွက်ခဲ့ပါက ရိုဇာပျက်ပြီး၊ သုတ်ရည်မထွက်ပါမူ ရိုဇာမပျက်ပေ။ ရိုဇာပျက်ရာတွင် ကဇွာ သာလျှင် ဝါဂျစ်ဗ်ထိုက်ပေသည်။
မေး။ ။ ရိုဇာဖြေပြီးနောက် ညအချိန်တွင် ရောဂါကြောင့် အရှေ့အင်္ဂါအတွင်းသို့ ဆေးအိပ်ထည့်ပြီး နောက်ရက် ဝါဖြေချိန်တွင် ထိုဆေးအိပ်ကို ထုတ်လိုက်ပါက ရိုဇာပိုင်ပါသလား။ ရိုဇာစောင့်နေစဉ် ထိုသို့ ဆေးအိပ်ကို ထည့်ခဲ့ပါက တရားတော်၏ အမိန့်မည်သို့ ရှိသနည်း။
ဖြေ။ ။ ညတွင် ထည့်ထားသော ဆေးအိပ်ကြောင့် ရိုဇာမပျက်သော်လည်း၊ ရိုဇာ စောင့်နေစဉ် ဆေးအိပ်ထည့်ခဲ့ပါက ရိုဇာပျက်ပေသည်။
မေး။ ။ ရိုဇာစောင့်နေစဉ် အရှေ့အင်္ဂါသို့ လက်သို့မဟုတ်တစုံတရာ ထည့်ခြင်းနှင့် ပက်သတ်၍ တရားတော်၏ အမိန့်မည်သို့ရှိသနည်း။
ဖြေ။ ။ ရိုဇာစောင့်နေစဉ် အရှေ့အင်္ဂါသို့ ဆေးထည့်ခြင်း၊ ဆီထည့်ခြင်းများ မပြုအပ်ပေ။ အကယ်၍ ပြုခဲ့မိပါက ရိုဇာပျက်ပြီး ကဇွာဖြည့်ရမည်။ ကဖ်ဖာရဟ် မထိုက်ပေ။
လက်ချောင်းများ ဖြစ်ခဲ့ပါက ရိုဇာပျက်သည့်အခြေအနေ ရှိသကဲ့သို့ မပျက်သည့် အခြေအနေလည်း ရှိပေသည်။
ရိုဇာပျက်သည့် ပုံစံအချို့မှာ-
စွတ်စိုနေသော လက်ကို ထည့်ခြင်း၊
ခြောက်သွေ့နေသော လက်ကို ထည့်ကာ အနည်းငယ် ပြန်ထုတ်၍ တဖန်ပြန် ထည့်ခြင်း၊ တို့ဖြစ်ပြီး၊
ရိုဇာမပျက်သည့် ပုံစံမှာ-
ခြောက်သွေ့နေသော လက်ကို ထည့်၍ ပြန်ထုတ်လိုက်ခြင်း ဖြစ်ပေသည်။
မေး။ ။ မိမိရင်သွေးငယ်ကို ထမင်းဝါးကျွေးခြင်းကြောင့် ရိုဇာ ပျက်ပါသလား။
ဖြေ။ ။ ရင်သွေးငယ်ကို ထမင်းဝါးကျွေးခြင်းသည် မက်ရူးဟ်ဖြစ်၏။ သို့သော် မဖြစ်မနေ ကျွေးရမည့်အခြေအနေတွင်မူ မက်ရူးဟ်မဖြစ်ပေ။ ပမာအားဖြင့်….
အိမ်တွင် ရိုဇာမစောင့်သည့်သူလည်း မရှိ၊ ပျော့သည့်အစားအစာနှင့် နို့စသည်တို့လည်း မရှိပါက ဖော်ပြပါ ပုံစံတွင် ကလေးငယ်အား ဝါးကျွေးခြင်း ပိုင်ပေသည်။
မေး။ ။ ထမင်းဝါးကျွေးနေစဉ် ဝါးနေသည့် ထမင်းအား မြိုချမိပါက ကဖ်ဖာရဟ် ထိုက်ပါသလား။
ဖြေ။ ။ ထမင်းဝါးကျွေးနေစဉ် ဝါးနေသည့် ထမင်းအား မြိုချမိပါက ကဇွာသာ ဝါဂျစ်ဗ်ထိုက်ပြီး ကဖ်ဖာရဟ် ဝါဂျစ်ဗ်မထိုက်ပေ။
မေး။ ။ ရိုဇာစောင့်လျှက် ဟင်းအပေါ့အငံမြည်းခြင်း ပိုင်ပါသလား။
ဖြေ။ ။ လျှာပေါ်တွင် အပေါ့အငံမြည်း၍ ထွေးထုတ်လိုက်ပါက ရိုဇာမပျက်ပေ။ သို့သော် မလိုအပ်ဘဲ ဤသို့ ပြုလုပ်ခြင်းသည် မက်ရူးဟ်ဖြစ်ပေသည်။ လင်ယောက်ကျားဖြစ်သူသည် အလွန်ပင် ပြဿနာရှာတတ်သူဖြစ်ပါက အပေါ့အငံမြည်းခြင်း ပိုင်ပေသည်။ မက်ရူးဟ်မဖြစ်ပေ။
မေး။ ။ ဟင်းထမင်းချက်ရသည့်အတွက် အလွန်အမင်း ရေငတ်ခါ သေသွားမည်ကိုပင် စိုးရိမ်နေရပါက ရိုဇာဖျက်ခွင့် ရှိပါသလား။
ဖြေ။ ။ သေဆုံးသွားနိုင်လောက်အောင် ရေငတ်ခဲ့ပါမူ ရိုဇာဖျက်ခွင့်ရှိပေသည်။ သို့သော် မိမိကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိဖြင့် အလွန်အမင်းရေငတ်လောက်အောင် အလုပ်များလုပ်ခဲ့ပါမူ ဂိုနဟ်ထိုက်ပေသည်။
အင်န်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
Copy-Husain Ahmed
ခူဗ်စူရသ်ဟဒီးစ်တော်များ
No comments:
Post a Comment