အစာငတ်ခံရုံနှင့် ပြီးသလား
မရှာအစ်ခ် သခင်များက ရိုဇာဟ်တွင် ၀ါသမားများ ထောက်ထားလိုက်နာအပ်သော အချက်- ၆ချက်ရှိသည်ကို ရေးသားဖော်ပြခဲ့ကြသည် ။
(၁)
စက္ခုအာရုံကို မကြည့်အပ်သည့် အရာများကို မကြည့်မိစေရန် ထိန်းသိမ်းခြင်း ၊
(မှတ်နော်မှတ် - မိမိ ဇနီးသည်ကိုပင် ရာဂမျက်စိဖြင့် မကြည့်မိစေရန် သတိထားရမည်ဟူ၏ ။ ယင်းသို့ဖြစ်မူ တစ်စိမ်းတရံအား ကြည့်ရှုခြင်းကိုမူ ပြောဆိုရန်လိုပါဦးမည်လား ။ ထိုနည်းတူစွာ ကစားခုန်စားမှု ၊ ပျော်ရွှင်မှုစသော မကြည့်အပ်သည့် အမှုကိစ္စများကိုလည်း မကြည့်အပ်ပေ ။
တမန်တော်မြတ် (ဆွ ) မိန့်ကြားတော်မူခဲ့သည် ။
အကြည့်သည် အစ်ဗ်လိဂ်၏ မြှားတို့အနက်မှ မြှားတစ်စင်းဖြစ်သည် ။ မည်သူမဆို အရှင်မြတ်အား ကြောက်ရွံ့သောအားဖြင့် ဤသည်မှ ကြဉ်ရှောင်ခဲ့မူ (မကြည့်အပ်သည့်အရာများကို မကြည့်ဘဲနေခြင်းမှ ) အရှင်မြတ်သည် ထိုသူ့အား စိတ်နှလုံးအတွင်း အရသာခံစားအပ်သော အီမာန်၏ နူရ်အလင်းရောင်ခြည်ကို ချီးမြှင့်တော်မူမည်ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့၏ ။
ဆူဖီသခင်များက မကြည့်အပ်သောနေရာကို ဖွင့်ဆိုရာတွင် စိတ်ကို အရှင်မြတ်ဖက်မှပယ်ရှား၍ အခြားဖက်သို့ လှည့်စေသောအရာများကို ကြည့်ရှုခြင်းသည်လည်း ယင်း မကြည့်အပ်သော အရာများတွင် ပါဝင်သည်ဟု အမိန့်ရှိကြ၏ ။
(၂)
နှုတ်ကို ထိန်းသိမ်းခြင်း ။ ဤသည်တွင် မုသားပြောဆိုခြင်း ကုန်းချောခြင်း ၊ အချည်းအနှီးအကျိုးမဲ့သော စကားများပြောဆိုခြင်း ၊ အတင်းပြောခြင်း မကောင်းပြောခြင်း ၊ ဖရုသာဝါစာစကား ပြောဆိုခြင်း ၊ စကားများရန်ဖြစ်ခြင်း စသည်တို့အားလုံး ပါဝင်၏ ။
(မှတ်နော်မှတ် -မိမိကိုယ် ရန်စ လာရင်တောင် ကျွန်ုပ်သည် ၀ါသမားဖြစ်သည်ဟု ပြောရမည် ။ သို့သော်လည်း ရန်စလာသူသည် အသိဥာဏ်မဲ့သူတစ်ဦးဖြစ်ကာ ထပ်မံ ရန်စလာပါက မိမိကိုမိမိ ငါသည် ၀ါသမားတစ်ယောက်ဖြစ်သည့်အတွက် အချည်းနှီးသော စကားကိုပြောဆိုရန်မသင့်လျော်ကြောင်း သတိပြန်ပေးရမည် ။ ၀ါသမားဖြစ်သည့်အတွက် ၄င်းကဲ့သို့ မပြုလုပ်ရဟု ကိုယ့်ကို သတိချပ်ရမည် ။ သို့ဖြစ်သောကြောင့် ၀ါသမားသည် နှုတ်မှ မိုက်မဲသောစကား ၊ ညစ်ညမ်းသောစကားများပြောခြင်း မပြုလုပ်ရ ။
အထူးသဖြင့် မုသားပြောခြင်းနှင့် အတင်းပြောခြင်းတို့ကို ပို၍ ရှောင်ရမည် ။
အချို့ပညာရှင်များ၏ အဆိုအရ မုသားစကားပြောခြင်းနှင့်အတင်းပြောခြင်းအားဖြင့်
ရိုဇာဟ်ပင်ပျက်နိုင်သည်ဟု အဆိုရှိခဲ့သည့်အတွက်ပင် ။
တမန်တော်မြတ် (ဆွ) ၏ လက်ထပ်တွင် အမျိုးသမီးနှစ်ဦးသည် ရိုဇာဟ်စောင့်ထိန်းခဲ့ကြ၏ ။ ရိုဇာဟ်စောင့်ထိန်းမှုကြောင့် ဆာလောင်မွတ်သိပ်၍ အသက်ထွက်လုမတတ်ဖြစ်ခဲ့ကြ၏ ။
စွဟာဗာရ် (ရသွေ့ ) များက ကိုယ်တော်မြတ် (ဆွ) ထံ သွားရောက် လျှောက်ထားကြရာ ကိုယ်တော်က ၄င်းတို့နှစ်ဦးထံသို့ ပန်းကန်တစ်လုံးပို့တော်မူ၍ ယင်းပန်ကန်အတွင်းသို့ အန်ထုတ်စေရန် ညွှန်ကြားတော်မူခဲ့၏ ။ထိုအမျိုးသမီး နှစ်ဦးလုံ; အန်ထုတ်ခဲ့ရာ အသားတုံးများနှင့် လတ်လတ်ဆတ်ဆတ် စားထားသော သွေးများကို တွေ့မြင်ကြရ၏ ။
မြင်သောသူတို့ အံသြကြရာ ကိုယ်တော်က "၄င်းတို့သည် အရှင်မြတ် ချီးမြှင့်တော်မူသော ဟလာလ်အစားအစာကို စားသုံးခြင်းမှ ကြဉ်ရှောင်ခြင်းအားဖြင့် ရိုဇာဟ်စောင့်ထိန်းခဲ့ကြသော်လည်း ဟရာမ်ကိုမူကား စားကြလေပြီဟု မိန့်ကြားတော်မူခဲ့၏ ။ အကြောင်းမှာ ယင်းအမျိုးသမီးနှစ်ဦးသည် သူတစ်ပါး၏ အတင်းကို ပြောလျက်ရှိခဲ့သောကြောင့်ပင်ဖြစ်၏ ။
အထက်ပါသြ၀ါဒတော်အရ အတင်းပြောခြင်းအားဖြင့် ရိုဇာဟ်သည်ပင် သိသိသာသာ ထိခိုက်မှုဖြစ်စေတတ်သည်ကို တွေ့ရ၏ ။
အလ္လာအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်တွင် အတင်းပြောခြင်းကို မိမိညီ ၊အစ်ကို၏ အသေသားစားခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူထား၏ ။ )
(၃)
သောတအားရုံ (နား ) ကို ထိန်းသိမ်းခြင်း ။ နှုတ်ဖြင့်ထုတ်ဖော်ပြောဆိုရန် မအပ်စပ်သည့်မည်သည့်စကားကိုမဆို နားစွင့်ခြင်း နားထောင်ခြင်းတို့မှာ လုံးဝ ပြုပိုင်ခွင့်မရှိသော အမှုကိစ္စများဖြစ်၏ ။
(မှတ်နော်မှတ် - တမန်တော်မြတ် (ဆွ )အမိန့်ရှိထားတော်မူ၏ ။ အတင်းပြောသူနှင့် နားထောင်သူ နှစ်ဦးလုံး ပြစ်မှုတွင် ပါဝင်သူများဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့၏ ။
(၄)
ခန္ဒာကိုယ်မှအခြားအင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်းခြင်း ။
(မှတ်နော်မှတ် - လက်ကို ကိုင်တွယ်ပိုင်ခွင့်မရှိသော အရာဝတ္ထုများကိုင်တွယ်ခြင်းမှ လည်းကောင်း ၊ ခြေထောက်ကို သွားပိုင်ခွင့်မရှိသောနေရာများကို သွားလာခြင်းမှလည်းကောင်း ၊ ထိုနည်းအတူ အခြားအင်္ဂါအစိတ်အပိုင်းများကိုလည်း
ပြုလုပ်ပိုင်ခွင့်မရှိသောအမူကိစ္စများပြုလုပ်ခြင်းမှ လည်းကောင်း ထိန်းသိမ်းခြင်း
ဝမ်းဗိုက်ကို အစ်ဖ်သာရီဝါဖြေရာတွင် သံသယဖြစ်စေသော အစားအစာများစားသောက်ခြင်းမှ ထိန်းသိမ်းခြင်း ...
မည်သူမဆို ရိုဇာဟ်ဥပုသ်သီလ စောင့်ထိန်းပြီး ဟရာမ်ပစ္စည်းကို စားသုံးပြီး ၀ါဖြေခဲ့သည်ရှိသော် ထိုသူသည် ဝေဒနာ ပျောက်ကင်းရန်ဆေးသောက်ရာတွင် အဆိပ်နှင့်အတူရောစပ်သောက်သုံးသူဖြစ်၏ ။ ဆေးသည် ရောဂါအတွက် အကျိုးပေးမည်ဖြစ်သော်လည်း တပါတည်းပင် အဆိပ်မှာ ဝေဒနာရှင်အား သေကြေပျက်စီးစေမည်ဖြစ်သောကြောင့်ပင် ။ )
(၅)
အစ်ဖ်သာရီပြုရာတွင် ဟလာလ်ပစ္စည်းဖြင့်လည်း ၀မ်းဗိုက်ပြည့်အောင် မစားရခြင်း
ထိုမျှ စားသုံးခြင်းအားဖြင့် ရိုဇာဟ်၏ ရည်ရွယ်ချက် ပပျောက်သွားသောကြောင့်ဖြစ်၏ ။
ရိုဇာဟ်၏ ရည်ရွယ်ချက်မှာ ကိလေသာစိတ်နှင့် တိရစ္ဆာန်စိတ်ကို ချိုးနှိမ်ကာ စိတ်ဓါတ်လင်းဝင်းမှုနှင့် ကောင်းကင်တမန်များကဲ့သို့ စိတ်ဓာတ်မျိုးကို မွေးမြူဖွံ့ဖြိုးစေခြင်းပင်ဖြစ်၏ ။
(မှတ်နော်မှတ် - အလ္လာမဟ်ဂဇာလီ (ရဟ်မသွ)သခင်က အကယ်၍ လူသည် ၀ါဖြေချိန်တွင် တစ်နေကုန်မစားဘဲနေခဲ့ရသည်ကို အတိုးချ၍ စားသောက်ခြင်းဖြင့် အစားထိုး ဖြည့်စွက်ကြမည်ဆိုလျှင် အစ်ဗ်လီးစ့်ကို နှိမ်နင်းခြင်းနှင့် ကိလေသာကို ချိုးနှိမ်ခြင်းတည်းဟူသော ရိုဇာဟ်၏ ရည်ရွယ်ချက်ကို အဘယ်သို့ ရယူနိုင်ပါမည်နည်းဟု ရေးသားခဲ့၏ ။
တမန်တော်မြတ် (ဆွ )က ရှိုက်သွာန်မိစ္ဆာကောင်သည် လူ၏ ခန္ဒာကိုယ်အတွင်း သွေးကဲ့သို့ သွားလာလျက်ရှိ၏ ။ ၄င်း၏ လမ်းကို အစာငတ်ခံခြင်းဖြင့် ပိတ်ဆို့ကြကုန်လော့ဟူ၍ မိန့်ကြားတော်မူခဲ့၏ ။
သတိချပ်ရမည်မှာ ခန္ဒာကိုယ်၏ အစိတ်အပိုင်းအားလုံး ၀၀လင်လင် ရှိနေခြင်းသည် နဖ်စ့်စိတ်ရိုင်း၏ ငတ်မွတ်ခြင်းအပေါ်တွင် မူတည်လျက်ရှိ၏ ။ နဖ်စ့်စိတ်ရိုင်း ငတ်မွတ်နေသည့်အခါ အင်္ဂါအစိအပိုင်းအားလုံးတို့မှာ ၀၀လင်လင် ရှိတတ်ကြ၏ ။ နဖ်စ်သည် ၀၀လင်လင် ရှိနေသောအခါ အင်္ဂါအစိအပိုင်းအားလုံးတို့သည် ၀၀လင်လင် ရှိနေတတ်၏ ။
တစ်နေကုန် အစာငတ်ခံပြီးနောက် စားသောက်ဖွယ်ရာများကို အငမ်းမရ ဗိုက်ပြည့်အောင် စားသောက်ကြသောအခါ ကိလေသာ စွမ်းအားမှာ ယုတ်လျော့သွားမည့်အစား ပိုမိုတက်ကြွလာ၏ ။ ၄င်းပြင် ပို၍ ပြင်းထန်လာသောကြောင့် ရိုဇာဟ်၏ ရည်ရွယ်ချက်နှင့်ပင် ဆန့်ကျင်ဖီဆန်လာတော့၏
(၆)
ဝါသမားတို့အနေဖြင့် ရိုဇာဟ်စောင့်ထိန်းခဲ့ကြသော်လည်း မိမိတို့ စောင့်ထိန်းခဲ့ကြသော ရိုဇာဟ်သည် လက်ခံထိုက်သော ရိုဇာဟ် ဖြစ်မဖြစ်ကို စိုးရိမ်ကြီးစွာရှိကြရန် လိုအပ်လှသည် ။ ထိုနည်းတူ မည်သည် အိဗာဒသ်ကိုမဆို ပြုပြီးတိုင်း ပြုပြီးတိုင်း မိမိသတိမထားမိသော ချွတ်ချောမှုတစ်စုံတစ်ရာ ရှိကောင်းရှိနိုင်သဖြင့် ဤအိဗာဒသ်ဖြင့် မျက်နှာကို ပစ်ပေါက်ခြင်း ခံရလေမလားဟု စိုးရိမ်မကင်းဖြစ်နေသင့်၏ ။
(မှတ်နော်မှတ်- တမန်တော်မြတ် (ဆွ) မိန့်ကြားတော်မူသည် ။
များစွာသော ကုရ်အာန်ကျမ်းမြတ်ရွတ်ဖတ်သောသူတို့အား ကုရ်အာန်ကျမ်းမြတ်က ကျိန်ဆဲလျက်ရှိ၏ ။
ကျွန်ုပ်တို့၏ ရိုဇာဟ်စောင့်ထိန်းမှုသည် အရှင်မြတ်လက်ခံ နှစ်သက်သော ရိုဇာဟ်စောင့်ထိန်းမှုဖြစ်ရန်အလို့ငှာ အစ်ဖ်သာရီဝါဖြေချိန်တွင် အစားသောက်များအရှေ့ အရှင့်အား ကြောက်ရွံ့လျက် မိမိပြုကျင့်ဆောက်တည်ခဲ့သော ရိုဇာဟ်ဥပုသ်သီလဆောက်တည်မှုကို အရှင်မြတ် ကျေနပ်နေသက် သဘောတူလက်ခံစေရန်အတွက် ဆုမွန်ဒုအာ ပြုနေရန်လည်း လိုအပ်လှပေသည်
အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူလျှင် ပြစ်မှုကျူးလွန်သော်လည်း အကျိုးစ၀ါးဗ့်ချီးမြှင့်တော်မူသည်ဖြစ်ရာ ကျင့်မူဆောင်ရွက်ချက် မပြည့်စုံကိုမှုကား ခွင့်မလွှတ်နိုင်အကြောင်းမရှိပေ ။
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အလွန်တရာ ရက်ရောတော်မူသောအရှင် ဖြစ်ပေ၏ ။ )
အို- အရှင်မြတ် ကျွန်တော်မျို့မတို့တွင် မာနထောင်လွှားမှု ၊ မော်ကြွားမှု ၊ မသိမိုက်မဲမှု ၊ ပေါ့ဆမှု ၊ ရန်ငြိုးထားမှု အာဃတထားမှု ၊ အထင်မှားမှု ၊ လိမ်လည်မှု ၊ ကတိဖျက်မှု ၊ ပြစားမှု ၊ အမျက်ထားမှု ၊ အတင်းပြောမှု ၊ မုန်းတီးမှု ဟူ ဟူသမျှသော ရောဂါအပေါင်းတို့အနက် မရှိသော ရောဂါဟူ၍ မရှိပါ ။
အရှင်မြတ်သည် ကျွန်တော်မျိုးမ၏ ရောဂါတိုင်းကို ပျောက်ကင်းစေတော်မူပါ ။
ထိုပြင် ကျွန်တော်မျိုးမ၏ လိုလားချက်ကို ဖြည့်ပေးတော်မူပါ ။
ကျွန်တော်မျိုးတွင် ရောဂါစွဲကပ်နေသော စိတ်နှလုံးအမှန်ပင် ရှိနေပါသည် ။
အရှင်မြတ်သည်ကား ဝေဒနာရှင်အား ပျောက်ကင်းစေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း...
မိထက်
ဖဇာအေလေ ကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်
No comments:
Post a Comment