Tuesday, June 14, 2016

ရမဿွာန်နှင့် ရိုဇဟ်ဆိုင်ရာ သတိပြုရမည့်အချက်များ (အပိုင်း1)

ရမဿွာန်နှင့် ရိုဇဟ်ဆိုင်ရာ သတိပြုရမည့်အချက်များ
iiiiiiiiiiiiiiiiiiiiiiiiiiiiiilllllllllllllllllliiiiiiiiiiiiiiiiiiiiiiiiiiiiiiiii

အပိုင်း(1)…
>>> … မွစ်လင်မ်တို့ အလွန်နှစ်သက်မြတ်နိုးကြသည့် ရမဿွာန်လမြတ်ကို ယခု ရောက်ရှိနေပေပြီ။ အစ္စလာမ်ကို ချစ်သည့် မွတ်စ်လင်မ်တို့သည် အစ္စလာမ်မှ သတ်မှတ်ပေးသည့် ရိုဇဟ်ဟူသည့် တာဝန်ကိုလည်း ထမ်းဆောင်နေကြသည်မှာ ကြည်နူး ၀မ်းမြောက်ဖွယ်ပင်။

ရိုဇဟ်နှင့်ပတ်သက်၍ အချို့သော အယူအဆအမှားများ၊ ခံယူချက်တလွဲများနှင့် ရမဿွာန်တွင်လုပ်ကြသည့် အမှားလုပ်ရပ်အချို့အား ပြုပြင်ဆင်ခြင်နိုင်ရန် ဖော်ပြသွားမည်ဖြစ်ပါသည်။ စာဖတ်ပရိသတ်တို့အတွင်း ယခုဖော်ပြချက်များနှင့် ကိုက်ညီသည်များရှိပါက စိတ်တွင်း အလိုမကျဖြစ်သည်ကို ဖယ်ရှားကာ အလ္လာဟ်နှစ်သက်မှုအတွက်၊ ထို့အတူ အစ္စလာမ့်အလှတရားကို ဖော်ဆောင်ရန်အတွက်ဟု စိတ်ပြောင်းကာ လိုက်နာကြစေလိုပါသည်။

အပြစ်ပြောသည်ကိုတော့ ကလေးမှစ၍ အသက်ရာကျော် အဖိုးအဖွားများအထိ မနှစ်သက်ပါ။ သို့ရာတွင် မွစ်လင်မ်တစ်ဦးအဖို့ ရှရီအသ်နှင့် ကိုက်ညီစွာ ပြသလာလျှင်မူ မိမိစိတ်၏ မနှစ်သက်ခြင်းအား အစ္စလာမ့်ဆုံးမမှုအောက်တွင် စတေးလိုက်ရပါမည်။ သဘောမှာ အစ္စလာမ်နှင့် ကိုက်ညီစွာ ထောက်ပြလာလျှင် မိမိအား အပြစ်ပြောနေသည် အပြစ်တင်နေသည်ဟု မယူဆဘဲ ငါ့အာခိရသ် ကောင်းစားရန် လမ်းညွှန်ပေးနေသည်ဟု ခံယူကာ ကြည်သာစွာ လက်ခံလိုက်နာစေလိုပါသည်။

ထိုသို့လိုက်နာခြင်း၏ အကောင်းဆုံးသော ရလဒ်မှာ အာခိရသ်တွင် စ၀ါးဗ်များ ရရှိခြင်းပင် ဖြစ်၏။ လောကီတွင်လည်း လူပီသမှုကို ရရှိမည်။ အစ္စလာမ်လမ်းစဉ်တွင် ရှိသည့် လုပ်ခိုင်းခြင်း မလုပ်ခိုင်းခြင်းများကို တိကျစွာလိုက်နာကျင့်သုံးပါက ယင်းသူသည် လူပီသသည့် လူတစ်ဦး ဖြစ်သွားမည်။ လောကတွင် ပညာရပ်ပေါင်းစုံအား ကျောင်း တက္ကသိုလ် ဌာန စက်ရုံ စသည့်အနေရာအသီးသီးတွင် သင်ယူဆည်းပူးနိုင်သည်။

သို့သော် လူကြားထဲတွင် လူပီသစွာ နေတတ်ရန် သင်ပေးသည့်နေရာမရှိပါ။ လူကြားထဲ လူပီသစွာ နေတတ်ရန် အစ္စလာမ်က သင်ပေးထားသည်။ ယင်းသွန်သင်ချက်အား ဖော်ဆောင်ရန် တာဝန်ရှိသူမှာ ကျွန်ုပ်တို့ မွစ်လင်မ်များပင် ဖြစ်ပါသည်။ မွစ်လင်မ်ဟူသည်မှာ အစ္စလာမ်ကို ရရှိထားသူများဖြစ်သည်။ အစ္စလာမ်ကို ရထားသည့် မွစ်လင်မ်က အစ္စလာမ့်သွန်သင်ချက်များကို လိုက်နာကျင့်သုံးသူမဖြစ်လျှင် အခြားမည်သူက လာ၍ လိုက်နာမည်နည်း။

ယနေ့ကမ္ဘာပေါ်တွင် မွစ်လင်မ်တို့ နင်းပြားဘ၀ရောက်နေရခြင်း၏ နံပါတ်တစ်အကြောင်းခံမှာ မွစ်လင်မ်ဖြစ်ပြီး အစ္စလာမ့်သွန်သင်ချက်အတိုင်း မလိုက်နာခြင်း မနေထိုင် မကျင့်ကြံ အားထုတ်မှုမရှိခြင်းကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် မွစ်လင်မ်တို့သည် အစ္စလာမ့်၏ သွန်သင်ဆုံးမမှုများအား အပြည့်အ၀ အတတ်စွမ်းနိုင်ဆုံး လိုက်နာသူ အစ္စလာမ်အလှတရားများကို ဖော်ဆောင်ပြသများဖြစ်နေရပါမည်။ အစ္စလာမ်ဟူသည့် လောကီကိုစွန့်၍ လောကုတ္တရာ (တမလွန်)ကောင်းကျိုးကို တသီးတခြားရှာဖွေရန် မညွှန်ကြားထားပါ။

လူ့လောကအတွင်းမှာပင် လူတို့ကြား ရောနှောနေထိုင်ရင်းဖြင့်ပင် တမလွန်အတွက် ကုသိုလ်စုနိုင်သည့် တစ်ခုတည်းသော ဘာသာတရားဖြစ်ပါသည်။ ယခုအခါသမယတွင် မွစ်လင်မ်တို့သည့် အစ္စလာမ်၏ အထက်ပါထူးခြားချက်အား ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ အစ္စလာမ်ဟူသည်ကို နမားဇ်ဖတ် ရိုဇဟ်ထား တစ်နည်းပြောရလျှင် ဘုရားသွား တရားထိုင် ဥပုသ်စောင့် ထိုမျှသာဖြစ်စေလိုက်ကြသည်။

အစ္စလာမ်ကို ကျဉ်းမြောင်းစေလိုက်ကြပေပြီ။ အလွန်မှ ၀မ်းနည်းဖွယ်ရာဖြစ်၏။ ထိုသို့ဖြစ်ရခြင်းမှာ မိမိဘာသာတွင် ဘာတွေသင်ပေးထားသည်ကို မသိ၊ မသင်၊ မလေ့လာခြင်းတို့ကြောင့် ဖြစ်၏။ တစ်နည်း ဘာသာရေး အသိပညာ အလွန်ခေါင်းပါးခြင်းကြောင့် ဖြစ်၏။

မွစ်လင်မ်တို့တွင် ဘာသာရေးအသိတရား ခေါင်းပါးသလို လူမှုရေး နားလည်မှုလည်း အလွန်ခေါင်းပါးကြ၏။ မွစ်လင်မ်တို့ လှူကြသည်မှန်သော်လည်း အများအားဖြင့် နာမည်ရ ရုပ်လုံးထွက်မည့်နေရာများတွင်သာ လှူကြသည်။ လူမြင်ကောင်းရန် ယနေ့အခါတွင် ဓါတ်ပုံပေါင်းစုံဖြင့် ကြော်ငြာနေကြသည်။

တစ်ချို့က ဤသို့ မီဒီယာ တစ်နည်း ဖေ့စ်ဘုတ်ပေါ် ဓါတ်ပုံတင်မှ လူသိမည် အစ္စလာမ်ကို မမုန်းတော့ မွစ်လင်မ်ကို ရန်မရှာနိုင်တော့ ခံယူချက်ရှိသည်။ လက်တွေ့တွင် ထိုခံယူချက်အတိုင်း ဖြစ်သည် မဖြစ်သည်ကို စာရှုသူတို့ အသိပင် ဖြစ်ပါသည်။ မွစ်လင်မ်တို့အနေဖြင့် မိမိတို့ယုံကြည်ထားသည့် အစ္စလာမ်ကို ဗလီတက် အစ်လုပ် ဥပုသ်စောင့်ရုံမျှသာ ကျင့်သုံးကြတော့သဖြင့် အဘယ်မျှပင် လူမြင်ကောင်းအောင် လှူပြနေပါစေ မွစ်လင်မ်ကို အနည်းငယ်လေးမျှပင် အရေးပေး အလေးထားမည်မဟုတ်ပါ။

အစ္စလာမ်တွင် ဗလီတက် ဥပုသ်စောင့်ဟူသည့် မိန့်ကြားမှုရှိသလို အတင်းမပြောရ မလိမ်ရ မခိုးရ မညာရ စိတ်ဒုက္ခမပေးရ မဆဲရဟူသည့် မိန့်ကြားမှုများလည်း ရှိပါသည်။ အစ္စလာမ်၏ အဓိကကျမ်းဖြစ်သော ကုရ်အာန်တွင် မွစ်လင်မ်တို့သိသည့် ဥပုသ်စောင့် နမားဇ်ဖတ်ဟူသည့် အချက်အလက်တို့အား အမိန့်သာ ပြထားသည်။

နည်းစနစ် မပေးထားပေ။ နမားဇ် ရိုဇဟ် ဟဂ်ျ ဇကားသ်တို့၏ နည်းစနစ်အား ဟဒီးစ်မှ ပြန်လည်ကောက်နှုတ်ထားခြင်း ဖြစ်သည်။ ကုရ်အာန်တွင် အသေးစိတ် တိုက်ရိုက်မပါဝင်ပါ။ သို့သော် လူသေသွားလျှင် အမွေခွဲနည်းကိုမူ အသေးစိတ်မိန့်ထားသည်။
လမ်းလျှောက်လျှင် အဘယ်သို့မလျှောက်ရ၊ အိမ်များသို့ သွားရောက်လည်ပတ်ချိန် မည်သို့ အသံပေးပါ၊ ထိုသို့အသံပြုခိုင်းရသည့် အကြောင်းအရင်း၊ အရောင်းအ၀ယ်ဆိုင်ရာ ဥပဒေများ၊ သေတမ်းစာရေးခြင်းဆိုင်ရာ ဥပဒေများ၊ သက်သေထားခြင်းဆိုင်ရာ ဥပဒေများ၊ လူတို့ကြားတွင် သွေးကွဲစေသည့် အထင်အမြင်များကို မပြုလုပ်ရန်အကြောင်း၊ ထိမ်းမြားခြင်း၊ မည်သူတို့အား ထိမ်းမြားခွင့် မရှိခြင်း၊ အိမ်ထောင်ရှင်ဖြစ်ပြီးနောက် ကလေးအား နို့တိုက်ကျွေးရမည့် ကာလ၊ ကလေးနို့ထိန်းသည်အား အခကြေးငွေကို လင်နှင့်မယားတွင် မည်သူ့တာဝန်ဖြစ်ခြင်း၊ အိမ်ထောင်ရေးတစ်ခု အစဉ်မပြေ လက်တွဲမဆက်နိုင်တော့လျှင် ထိမ်းမြားမှုပြတ်ဆဲနည်း စသည့် လောကီ လူမှုရေးနှင့် သက်ဆိုင်သည့်အချက်များကိုမူ အသေးစိတ် မိန့်ထားပေသည်။ အဓိက ဆိုလိုချင်သည်မှာ အစ္စလာမ်သည် နမားဇ်ဖတ် ဥပုသ်စောင့် ဟဂ်ျသွားရုံမျှသာ လမ်းညွှန်ထားသည့် ဘာသာတစ်ခုမဟုတ်၊ လူ့လောကအတွင်း လူမှုရေးပိုင်းဆိုင်ရာများ၊ အသက်ရှင်နေစဉ် ဖြတ်သန်းတွေ့ကြုံရမည့် အခြေအနေများအားလုံးကို ထည့်သွင်းလမ်းညွှန်ထားသည့် ပြည့်ဝမှုရှိသော ဘာသာတစ်ခုဖြစ်သည်။

ဤအချက်ကို မွစ်လင်မ်တို့ကောင်းစွာ သဘောပေါက် နားလည်ထားရပါမည်။ ငါလုပ်ချင်တာ လုပ်တာကွာ ဘာဖြစ်လဲဟု မွစ်လင်မ်က ပြောခွင့်မရှိပါ။ မွစ်လင်မ်အတွက် အစ္စလာမ်ဟူသည့် ဥပဒေကြီး ရှိနေသည်။

မွစ်လင်မ်၏ လုပ်ရပ်တိုင်းအား ဘာသာခြားတစ်ဦးက အစ္စလာမ့်ဥပဒေနှင့် ချိန်ထိုး နှိုင်းယှဉ်ကြည့်ပြီး အလကားကောင်တွေပါကွာ သူတို့ဘာသာအတိုင်း နေတာလဲမဟုတ်ဘဲဟုပြောမည်၊ သို့မဟုတ် မင်းတို့မွစ်လင်မ်တွေ မလုပ်နိုင်တာကို မင်းတို့အစ္စလာမ်က အမိန့်တွေပေးထားတယ် လူတွေ မလိုက်နာနိုင်တာတွေကို အစ္စလာမ်က အမိန့်ပေးထားတယ်ဟု ပြောလာလျှင် အဘယ်မျှ အရှက်ကွဲရပါမည်။

အဆိုးဆုံးမှာ အလ္လာဟ်ရှေ့တွင် ကျွန်ုပ်တို့ မည်သို့အဖြေပေးပါမည်နည်း။ ထို့ကြောင့် မွစ်လင်မ်တို့သည် မိမိစိတ်ကြိုက် လုပ်ခြင်းမှ အစ္စလာမ့်လမ်းစဉ် သွန်သင်မှုနှင့်အညီ ဘ၀လျှောက်လှမ်း ကျင့်သုံးကြရန် အလွန် အရေးကြီး လိုအပ်ပါသည်။ မွစ်လင်မ်က အစ္စလာမ်အတိုင်း ကျင့်သုံးခြင်းဖြင့် အကြီးဆုံး အကောင်းဆုံးရလဒ်မှာ အာခိရသ်တွင် ကျွန်ုပ်တို့ အလွန်လိုလားသည့် ဂျန္နသ်ကို ရရှိပါမည်။ လောကီမျက်မြင်အကျိုးကျေးဇူးအရ လူကြားတွင် လူပီသသူတစ်ဦး ဖြစ်လာပါလိမ့်မည်။

ထို့ကြောင့် မွစ်လင်မ်တို့အနေဖြင့် မိမိတို့အစ္စလာမ်တွင်ရှိသော ဆိုဆုံးမ လမ်းညွှန် သင်ပြမှုတို့အား အပြည့်အ၀လိုက်နာကြပါဟု ကနဦး အကြံပြု ပန်ကြားအပ်ပါသည်။ almufeed
braveboy kpu

No comments:

Post a Comment