ရမဿွာန်နှင့် ကျောင်းသားများတာဝန်
iiiiiiiiiiiiiiiiiiiiiillllllllllllllllliiiiiiiiiiiiiiiiiiiiiii
အပိုင်း(2)…
>>> …… မွစ်လင်မ် ကျောင်းသူ ကျောင်းသားတို့သည် ရမဿွာန်ကို ကျောင်းတတ်ရင်းဖြင့် ဖြတ်သန်းနေရပြီ ဖြစ်၏။
ဤသည်မှာ အလွန်ဖူးစာထူးခြင်းကြောင့် ဖြစ်ပါသည်။ ပညာဆည်းပူးရင်းဖြင့် အလ္လာဟ်အမိန့်ကိုပါ တစ်ပါးတည်း နာခံနိုင်သည့် အခွင့်အရေးကို ရရှိနေသည်။ ယခု သတိပေးလိုသည်မှာ ကျောင်းသား ကျောင်းသူတို့အား ရိုဇဟ်မထားခိုင်းသည့် ကိစ္စဖြစ်သည်။ ကျောင်းတတ်နေရသဖြင့် ပင်ပမ်းသည်ဟု ဆိုကာ မိဘတို့က စဲဟ်ရီမနှိုးဘဲ နေလိုက်သည်။
ထမင်းချိုင့်ထည့်ပေးလိုက်ကြသည်။ မိဘတို့အနေဖြင့် သားသမီးကလေးငယ်တို့အား ဤသို့မလုပ်ရပါ။ ရမဿွာန်လတွင် ရိုဇဟ်ထားရန်တာဝန်မှာ အရွယ်ရောက်ပြီးသူတိုင်းအတွက် မပြုမနေရ ဖရ်ဇ်တာဝန် ဖြစ်သည်။ ရမဿွာန်အပါအ၀င် ရှရီအသ်၏ အမိန့်အများစုအား အရွယ်ရောက်ခြင်း မရောက်ခြင်းဖြင့် ကန့်သတ်ထားသည်။
မိန်းကလေးတို့သည် အများအားဖြင့် အသက် ၁၁၊ ၁၂၊ ၁၃ ခန့်တွင် ရာသီစလာပြီ ဖြစ်၏။ မိန်းကလေးတွင် ရာသီလာခြင်းသည် အရွယ်ရောက်သည့် အမှတ်အသားဖြစ်ကြောင်း အစ္စလာမ်က သတ်မှတ်ထားသည်။ အထက်ပါအသက်အရွယ်အား မိဘတို့က ကလေးဟု ခေါ်နေကြသည်။
မိဘတစ်ဦးရှေ့တွင် သားသမီးသည် အသက်၉၀ပင် ရှိပါစေ ကလေးသာ ဖြစ်၏။
မိမိက ကလေးဟု သတ်မှတ်တိုင်း ရှရီအသ်က ကလေးဟုမသတ်မှတ်ထားပါ။
မွစ်လင်မ်ဖြစ်သည့်အတွက် ရှရီအသ်မှ သတ်မှတ်သည့်ကလေး လူကြီး ခွဲခြားထားမှုအား လိုက်နာရပါမည်။ ထိုသို့ရာသီလာပြီးသား မိန်းကလေးတို့သည် ရမဿွာန်တွင် ရိုဇဟ်စောင့်ထိန်းရန် ဖရ်ဇ်ဖြစ်သည်။
ရာသီတစ်ကြိမ်မျှသာ လာပြီးဖြစ်ပါကလည်း အရွယ်ရောက်ပြီဟု သတ်မှတ်ပါသည်။ ထို့ကြောင့် သမီးမိန်းကလေးတို့အား ကျောင်းတတ်နေချိန်လည်း ရိုဇဟ်စောင့်ထိန်းခိုင်းပါ။ ရမဿွာန်အစမှ တစ်လုံး အလယ်တစ်လုံး အဆုံးတစ်လုံးထား ရပြီဟုပြော၍ တရားမဖျက်ကြပါနှင့်။
ငယ်ရွယ်သည့်သက်တမ်းသည် မှတ်သားခြင်း စွဲမြဲသွားခြင်း ခံယူချက် တည်မြဲခြင်းတို့ အစပျိုးနေချိန်ဖြစ်သည်။ မိမိတို့၏ သားသမီးများအား ရိုဇဟ်နှင့်ပတ်သက်သည့် အကျိုးထူးများ ရိုဇဟ်မထားလျှင် ခံရမည့် ပြစ်ဒဏ်များကို ပြောပြပါ။
ကလေးငယ်တို့အား ရိုဇဟ်ထား ဘာမုန့်ကျွေးမယ် ဘာဝယ်ကျွေးမယ် စသည့် လောကီအရာများဖြင့်လည်း မြူစွယ် မက်လုံးပေးခြင်း မလုပ်ပါနှင့်။
ရှရီအသ်မှ ပြထားသည့် ကုသိုလ် ပြစ်ဒဏ်တို့ဖြင့်သာ နားလည်သဘောပေါက်အောင် ပြောပြပါ။ ထို့အတူ ယောက်ျားလေးများသည်လည်း အသက် ၁၃၊ ၁၄ခန့်တွင် အရွယ်ရောက်ပြီဖြစ်သည်။ ရိုဇဟ်ထားခိုင်းပါ။ ကျောင်းတတ်ရခြင်းသည် ရိုဇဟ်မထားခွင့်ရှိသည့် အကြောင်းပြချက်မဟုတ်ပါ။
ကျောင်းတတ်နေသူများ စာမေးပွဲဖြေနေသူများအနေဖြင့် ရိုဇဟ်ထားရပါမည်။ အောင်မြင်မှုရရန် အလ္လာဟ်အမိန့်နာခံရမည်။ အလ္လာဟ်အမိန့် မနာခံဘဲ ရနေသော အောင်မြင်သည် ပြည့်ဝသည့် အောင်မြင်မှုမဟုတ်ကြောင်း သိထားရပါမည်။ ကျောင်းတတ်နေသူများ ညကို စဲဟ်ရီအချိန် ထနိုင်ရန် ညကို စောစော အိပ်ယာဝင်ခိုင်းပါ။
အလ္လာဟ်အမိန့်နာခံရန်အတွက် ဤရမဿွာန်တစ်လတာမျှအား ညအချိန် ကျူရှင်များ နားထားပေးပါ။ ရမဿွာန်အတွင်းတွင်ရှိသည့် အားလပ်ရက်များတွင် ကျူရှင်သာ နင်းကန်မသွားခိုင်းပါနှင့်။ ကျောင်းတတ်ချိန်မှအပ ကျန်အချိန်များတွင် ၎င်းတို့ သက်သာစွာ နေနိုင်ရန် စီစဉ်ပေးထားပါ။ တစ်လမျှ အလ္လာဟ့်အမိန့်အတွက် အချိန်အနည်းငယ် အပွန်းအပဲ့ခံလိုက်ခြင်းဖြင့် ဘာမျှ မဆုံးရှုံးပါ။
ထို့အတူ ရမဿွာန်ရရှိမည့် ကုသိုလ်များ အကုသိုလ်များ ပညတ်ချက်များအား မိဘဖြစ်သူက ကိုယ်တိုင်ဆည်းပူးပြီး သားသမီးတို့အား ပြန်ပြောပြပါ။ ဖတ်ပြသည်နှင့် ပြောပြခြင်းသည် မတူညီပါ။ ထို့ကြောင့် အရင် ကိုယ်တိုင်လေ့လာ ဆည်းပူးပါ။ ထို့နောက် ပြန်ပြောပြပါ။ မိန်းကလေးများ ရာသီလာချိန်နှင့် ကျောင်းသွားချိန် တိုက်ဆိုင်ပါကလည်း အိမ်တွင်သာ စားသုံးသွားပြီး ကျောင်းသို့ ထမင်းဘူးမယူခြင်းက ပိုကောင်း၏။
အဘယ့်ကြောင့်ဆိုသော် ရိုဇဟ်ထားရမည့်သူသည် အကြောင်းကြောင့် ရိုဇဟ်မထားရပါကလည်း လူမြင်ကွင်းအတွင်း ပေါ်တင် စားသုံးခွင့်မရှိပါ။
ကျောင်းတတ်ခြင်းကြောင့်၊ စာမေးပွဲကြောင့် ဖျက်ခဲ့သမျှရိုဇဟ်များအားလုံးကို ရမဿွာန်ပြီးလျှင် အစားပြန်ဖြည့်ရန် တာဝန်ရှိပါသည်။ မိမိ၏သားသမီးများ မည်သည့်အသက်အရွယ်တွင် အရွယ်ရောက်သည်ကို မှတ်သားထားပြီး တစ်နှစ်ခြင်းစီကို တွက်၍ ရိုဇဟ်မထားခဲ့သည့်ရက်များအတွက် အစားဖြည့်ခိုင်းပါ။
almufeed
braveboy kpu
No comments:
Post a Comment