အစ္စလာမို့အာလိုင်းကွမ်း
ရှာအ်ဗာန်လမြတ်
**********
အစ္စလာမ်သာသနာတော်ဝင် မွတ်စ်လင်မ်ညီနောင် အပေါင်းတို့ခင်ဗျာ
ရှာအ်ဗာန်လမြတ်ဟာ လမြတ်ရမဇာန်ကို ကြိုတဲ့လပါ။ ဒီရှာအ်ဗာန်လမှာ ထူးခြားတဲ့ ထူးမြတ်ချက်တွေရှိနေတာကိုတင်ပြမှာမို့ ညီနောင်အပေါင်းတို့ကလည်း ဂရုစိုက်ပြီး နားထောင်မှတ်သားကြစေလိုပါတယ်။ အဲဒီလရဲ့ ထူးမြတ်တာနှင့် ပတ်သက်ပြီး လာရှိတဲ့ ဟဒီးစ်တော်တချို့ကို ပထမ တင်ပြလိုပါတယ်။
(၁) "ရမဇန်လအတွက် ရှာအ်ဗာန်လကို ရေတွက်ကြ" လို့ မြတ်နဗီ(ဆွ)က လမ်းညွှန်းတော်မူထားပါတယ်။(ရှာအ်ဗာန်လဆန်းတဲ့ရက်ကို စံနစ်တကျကြည့်ပြီး မှတ်သားထားဖို့ မြတ်နဗီ(ဆွ)က လမ်းညွှန်းအသိပေးတော်မူတာပါ။ အဲဒီလို စီစစ်သတ်မှတ်ထားမှပဲ ရမဇာန်လရဲ့ ကွဲလွဲမှုတွေ ချုပ်ငြိမ်းသွားမှာပါ။)
(၂) "နဗီတမန်တော်မြတ်(ဆွ)ဟာ ရှာအ်ဗာန်လမြတ်ရဲ့ နေ့ရက်တွေကို အထူးဂရုစိုက် မှတ်သားတော်မူပြီး တခြားလတွေမှာ အဲဒီလောက် ဂရုစိုက်မှတ်သားတော်မူလေ့ မရှိဘူး" လို့ ဆင့်ပြန်ချက်များမှာ လာရှိပါတယ်။
ရှာအ်ဗာန်လမြတ်ဟာ လမြတ်ရမဇာန်ရဲ့ အကြိုလဖြစ်လို့ လဆန်းတဲ့ရက်ကို တိတိကျကျ ဖြစ်စေဖို့ လိုအပ်တဲ့အကြောင်းကို အဲဒီဆင့်ပြန်ချက်က ညွန်ပြနေပါတယ်။
(၃) "သင်တို့ထဲက ဘယ်သူမှ ရမဇာန်လမဆန်းခင် တစ်ရက်နှစ်ရက်စောပြီး ရိုဇာမစောင့်ကြနှင့်၊ နေ့ရက်သတ်မှတ်ပြီး ရိုဇာထားလေ့ရှိတဲ့သူကတော့ ရိုဇာထားပေါ့" လို့ မြတ်နဗီ(ဆွ)က သတိပေး ခွင့်ပြုတော်မူထားပါတယ်။
ရှာအ်ဗာန်လ၂၉ ရက်ကုန်တဲ့အချိန်မှာ လကြည့်ရပါတယ်။ လမမြင်လျှင် ရှာအ်ဗာန်လကို ရက်ပေါင်း ၃၀ ပြည့်စေပြီးမှ နောက်တစ်ရက်ကို ရမဇာန်လဆန်း တစ်ရက်လို့ မှတ်ယူပြီး ရိုဇာစထားရပါတယ်။ရှာအ်ဗာန်လ ၂၉ ရက်ကုန်တဲ့အချိန်မှာ လမမြင်လျှင် နောက်နေ့မှာ ရိုဇာမထားရဘူးဆိုတာကို ဒီဟဒီးစ်တော်ကအသိပေးတာပါ။ဒါပေမဲ့လို့ နဖိလ်ရိုဇာထားနေကြသူကတော့ ရိုဇာထားချင်လျှင် ထားလို့ရပါတယ်။ သဘောကတော့ တနင်္လာနေ့မှာ နဖိလ်ရိုဇာထားနေကြသူအဖို့ အဲဒီတနင်္လာနေ့ဟာ ရှာအ်ဗာန်လ ၃၀ ရက်နေ့ဖြစ်နေလျှင်လည်း သူ့အနေနဲ့ ရိုဇာထားခွင့်ရှိတဲ့အကြောင်း ဟဒီးစ်က အသိပေးတာဖြစ်ပါတယ်။
သူတော်စင်များခင်ဗျား
ရှာအ်ဗာန်လမှာ ကျင့်ဆောင်သင့်တဲ့ အမလ်တွေအကြောင်း အခုဆက်ပြီးပြောပြပါမည်။ ရှာအ်ဗာန်လ ၁၅ ရက်ညဟာ ထူးမြတ်မှုတွေဆောင်ထားတဲ့ညပါ။ အဲဒီညနှင့် ပတ်သက်ပြီး လာရှိတဲ့ အဆိုအမိန့်တစ်ချို့ကို ဟဒီးစ်ကျမ်းဂန်တော်တွေထဲက ကောက်နှုတ်ပြောပြပါမည်။
(၄) အဲဒီည၊ တစ်နည်းဆိုရလျှင် ရှာအ်ဗာန်လရဲ့ အလယ်ညနှင့် ပတ်သက်ပြီး "အဲဒီညမှာ ဒီနှစ်ထဲ မွေးလာမည့် လူတွေရဲ့စာရင်းကို မှတ်တမ်းတင်စေတော်မူတယ်၊ ဒီနှစ်ထဲမှာ ကွယ်လွန်သေဆုံးမဲ့ သူတွေရဲ့ စာရင်းကိုလည်း အဲဒီညမှာပဲ လွဲအပ်တော်မူတယ်၊ လူတွေကျင့်ဆောင်ထားတဲ့ အမလ်တွေကိုလည်း အဲဒီညမှာပဲ အလ္လာဟ်အရှင်မြတ်ထံတော်မှာ တင်ပြကြရတယ်၊ လူတွေအတွက် စားနပ်ရိက္ခာကိုလည်း အဲဒီညမှာပဲ ချပေးတော်မူတယ်။" လို့ နဗီတမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။(လူတွေအတွက် စားနပ်ရိက္ခာကို ချပေးတော်မူတယ် ဆိုတာကတော့ အဲဒီတစ်နှစ်တာကာလထဲမှာ လူတစ်ယောက်ချင်း စားသောက်ရမည့် လောင်ဝ်ဟိမဟ်ဖူးဇ်မှာ မှတ်တမ်းတင်ထားတဲ့ စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်က အဲဒီညမှာ ကောင်းကင်တမန်တော် ဖရစ်ရှ်တာကို လွဲပေးတော်မူတဲ့အကြောင်း ဆိုလိုတာပါ။)
(၅) "ရှာအ်ဗာန်လ အလယ်ညရောက်တဲ့အခါ သင်တို့မအိပ်ပဲ ညလုံးပေါက် အိဗာဒသ်လုပ်ကြ၊ နောက်နေ့မှာ ရိုဇာထားကြ၊ အဲဒီည နေဝင်ချိန်ကစပြီး အလ္လာဟ်အရှင်မြတ်ဟာ လူ့ပြည်ရဲ့ မိုးကောင်ကင် ပထမထပ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် တောင်းချင်တဲ့လူရှိသလား၊ အဲဒီလူကို ငါအရှင်မြတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်၊ စားနပ်ရိက္ခာ လိုချင်တဲ့လူရှိသလား၊ အဲဒီလူကို ငါအရှင်မြတ် စားနပ်ရိက္ခာ ပေးသနားတော်မူမည်၊ ရောဂါဝေဒနာကြောင့် ဒုက္ခရောက်နေတဲ့သူရှိသလား၊ ငါအရှင်မြတ် အဲဒီလူကို ပျောက်ကင်းချမ်းသာမှု ပေးတော်မူမည် လို့ မနက်မိုးလင်းတဲ့အချိန်ထိ ကမ်းလှမ်းနေတော်မူတယ်" လို့နဗီတမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။
မွတ်စ်လင်မ် ညီနောင်များခင်ဗျား
ရှာအ်ဗာန် ၁၅ ရက်နေ့ညကို ရှဗ်ဗေဗရားသ် လို့ခေါ်ပါတယ်။ အဲဒီညမှာ ပေါ့ပေါ့ဆဆ မေ့မေ့လျော့လျော့ မနေပဲ နိုးနိုးကြားကြားနှင့် တတ်နိုင်တဲ့ အေဗာဒသ်လုပ်နေပြီး နောက်နေ့မှာ ရိုဇာထားရမယ်လို့ ခိုင်မာတဲ့ ဆင့်ပြန်ချက်တွေမှာ လာရှိပါတယ်။ "အဲဒီညမှာ မြတ်တမန်(ဆွ) ကိုယ်တော်တိုင် ကဗရ်သင်္ချိုင်းကို သွားပြီး ကွယ်လွန်သူ အရ်ဝါတွေအတွက် ဆုဒိုအာပြုပေးတော်မူတယ်" လို့ မိခင်ကြီး ဘီဘီအာအေရှာ(ရသွေ့) သခင်မက ပြောပြတော်မူလို့..........အဲဒီညမှာ ကျွန်တော်တို့လည်း ကဗရ်စတန်သွားပြီး ကွယ်လွန်သွားကြတဲ့ ကိုယ်ရဲ့ ဆွေးမျိုးမိတ်သင်္ဂဟတွေနဲ့ ညီနောင်မွတ်စ်လင်မ်တွေ အတွက် ဆုဒိုအာပြုပေးကြရမှာပါ။ အဲဒီတင်ပြခဲ့တဲ့ အချက်အလက်တွေကလွဲလို့ တခြားလုပ်ဆောင်နေတဲ့ အချက်အလက်တွေအတွက် ရှရီးအသ် တရားတော်မှာ အထောက်ထား အခိုင်မာမရှိဘူး ဆိုတာကိုတော့ စွဲစွဲမြဲမြဲ မှတ်သားထားကြပါ။
လူကြီးမင်းများခင်ဗျား
အဲဒီရှဗ်ဗေဗရားသ်ညနှင့် ပတ်သက်ပြီး အထူးသတိထားရမည့် အချက်တစ်ချက်ရှိနေပါတယ်။ အဲဒါကတော့ အိမ်တွေမှာ ခြံစည်းရိုးတွေမှာ မီးထွန်းပြီး ပျော်မြူးတဲ့ကိစ္စပါပဲ။ ကဗရ်စတာန်သင်္ချိုင်း မြေပုံတွေပေါ်လည်း ဖယောင်းတိုင်တွေ ဆီမီခွက်တွေ အမွှေးတိုင်တွေ ထွန်းတက်ကြပါတယ်။ တစ်ချို့ရပ်ရွာဒေသတွေမှာဆိုလျှင် မီးရှူးမီးပန်းတွေတောင် လွှတ်ပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြပါတယ်။ ဒီအပြုအမူ လုပ်ဆောင်ချက်တွေအားလုံးဟာ ကျွန်တော်တို့နှင့် ဘာသာအယူ မတူတဲ့လူတွေရဲ့ အလေ့အထတွေကို အတုယူပြီး ထင်တိုင်းလုပ်ကြတဲ့ လုပ်ဆောင်မှုတွေပါ။ အဲဒီလုပ်ဆောင်မှုတွေဟာ တရားတော်နှင့် ဆန့်ကျင်ပြီး တီထွင်လုပ်ဆောင်နေကြတာဖြစ်လို့ ပညာရှိကဝိအကျော်အမော်တို့က ဗစ်ဒ်အသ်ဖြစ်တယ်လို့ တညီတညွှတ်ထဲ ဆုံးဖြစ်ထားပါတယ်။
သူတော်စင်များခင်ဗျား
ရှဗ်ဗေဗရားသ်ညမြတ်နှင့် ပတ်သက်ပြီး စူရာဒုခါန်းရဲ့ အာယတ်တော် ၃ နှင့် ၄ တို့မှာ "ဧကန်အမှန်ပဲ ငါအရှင်မြတ်က အဲဒီကျမ်းဂန်တော်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတဲ့ ညတညမှာ ချပေးတော်မူခဲ့တယ်၊ ငါအရှင်မြတ်ဟာ သတိပေးတော်မူတဲ့ အရှင်ဖြစ်တော်မူတယ်၊ အဲဒီညမှာ နက်နဲသိမ်မွေ့တဲ့ အရေးကိစ္စတွေ ဟူသမျှကို အသေးစိတ်သတ်မှတ် အတည်ပြုပေးတော်မူတယ်"....လို့ လာရှိတဲ့အကြောင်း တင်ပြရင်း ဒီကနေ့ ခွသ်ဗာကို နိဂုံးချူပ်လိုက်ပါတယ်။
ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီ (ထာနဝီ)
ခွသ်တဗာသွလ်အဟ်ကားမ်ကျမ်း
အလ္လာဟ်အရှင်မြတ် ကျွန်ုပ်နှင့်တကွ အီမန်ရှင်အားလုံးကို ဒီလိုညမြတ်တွေမှာ စိတ်စေတနာဖြူစင်စွာဖြင့် မပျင်းမရိ အမလ်အေဗာဒသ် ပြုလုပ်နိုင်ပြီး ထိုညမြတ်၏ ကောင်းချီးမင်္ဂလာအားလုံးကို ပိုင်ဆိုင်ခွင့် ချီးမြှင့်ပေးသနားတော်မူပါစေ..... လို့ ဒိုအာပြုလျှက်
Abdulkarim binahmad
No comments:
Post a Comment