Friday, May 6, 2016

မြတ်ကုရ်အာန်

မြတ်ကုရ်အာန်

ذالك الكتاب لاريب فيه (البقره:٢)

ထို (ကုရ်အာန်ကျမ်းမြတ်သည် ထုတ်ပြန်ပို့ချပြီးသော ရှေးကျမ်းဂန် အသီးသီးတို့၌ ကြိုတင်မိန့်ကြားပြီးဖြစ်) သည့် ကျမ်းဖြစ်သည်။ ယင်းကျမ်းနှင့် စပ်လျဉ်း၍ ယုံမှားသံသယဖြစ်ဖွယ်ရာ အကြောင်းအလျဉ်းမရှိပါ။

ဖော်ပြပါ အာယသ်တော်တွင် ဤကျမ်း ဟု အနီးညွှန်ပုဒ်ကိုမသုံးဘဲ ထိုကျမ်း ဟူ၍ အဝေးညွှန်သည့်ပုဒ်ဖြင့် အသုံးပြုထားခြင်းမှာ အရဗီအလင်္ကာတွင် မွန်မြတ်သောအရာကို အဝေးညွှန်ပုဒ်ဖြင့်သုံးထားသောကြောင့်ဖြစ်သည်။

အဝေးရှိအရာများတွင် သံသယသည် လျှင်မြန်စွာ ဝင်ရောက်တတ်သော်လည်း ဤကျမ်းမြတ်တွင် သံသယဖြစ်ဖွယ် အလျဉ်းမရှိပါ။

ခရစ်သက္ကရာဇ် (၆၀၉) ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့သော ကုရ်အာန်ကျမ်းမြတ်သည် ယနေ့တိုင် သတ်ပုံ၊ သတ်ညွှန်း၊ ပုဒ်၊ ပါဒ၊ ဗျည်း၊ သရ မှစ၍ ကွဲပြားမှုမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား မူတစ်မျိုးတစ်စားတည်း ကမ္ဘာတစ်ဝန်းလုံးရှိ စာအုပ်၊ စာရွက်များတွင်လည်းကောင်း၊ မြောက်မြားစွာသော ဟာဖိဇ် (အာဂုံဆောင်အလွတ်ကျက်မှတ်သူများ) ၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေခြင်းသည် ဤကျမ်းမြတ်ကုရ်အာန်၏ မှန်ကန်ပြီး သံသယကင်းကြောင်း သက်သေခံနေပါသည်။

ဤကျမ်း၌ပါရှိသမျှသော အမိန့်ပညတ်ဒေသနာတော်များသည် (Quality) အရည်အသွေးအရလည်းကောင်း၊ (Quantity) အရည်အတွက်အရလည်းကောင်း ပြည့်စုံသောကြောင့် ခေတ်မရွေး၊ နယ်မရွေး လူတန်းစားမရွေး လွယ်လင့်တကူ ကျင့်ဆောင်နိုင်သော ဘဝလမ်းညွှန်ချက်များဖြစ်သည်။ ထို့အတူ ကိယာမသ်တိုင်ပေါ်ပေါက်လာမည့် ပြသနာအရပ်ရပ်ကို ဖြေရှင်းနိုင်သည့် အစွမ်းသတ္တိများလည်းပါရှိသည်။

မုန့်လုပ်သူတစ်ဦးသည် ဟဇရသ် ရှားဟ်ဝလီယွလ္လာဟ် သခင်ကြီးအား ကုရ်အာန်တွင်လမ်းညွှန်ချက်အစုံပါသည်ဆိုသော်လည်း မုန့်လုပ်နည်းကို မတွေ့ရဟု လျှောက်ထားရာ သခင်ကြီးက  ကုရ်အာန်တွင် မုန့်လုပ်နည်းအသေးစိတ်မပါရှိသော်လည်း  အသင်တို့ မသိရှိပါက သိရှိသူများကို (မေးမြန်း)သင်ယူရန် လမ်းညွှန်ထားပါသည် ဟု ဖြေကြားခဲ့သည်။

ဤသည် ကျွန်ုပ်တို့အဖို့ တန်ဖိုးမဖြတ်နိုင်သည့် ဆုံးမစကားပင်ဖြစ်သည်။ ယနေ့ခေတ်မွတ်စ်လင်မ်တို့သည် ဘဝလမ်းညွှန်ကျမ်းကို ပိုင်ဆိုင်ထားသော်လည်း ကိစ္စရပ်တိုင်းတွင် ထိုကျမ်းကို ဦးထိပ်ပန်ဆင်ခြင်း မပြုဘဲနေခြင်းမှာ ဝမ်းနည်းစရာပင်။

ထို့ကြောင့် ကျွန်ုပ်တို့မွတ်စ်လင်မ်တိုင်းအပေါ် ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက်သည့်အချို့သော တာဝန်များရှိပါသည်။

(၁) ကုရ်အာန်ကျမ်းမြတ်ကို စနစ်တကျဖတ်နိုင်ရန်ကြိုးစားရမည်။

(၂) ကုရ်အာန်ကျမ်းတော်မြတ်လာ အမိန့်တော်များ၏ အနှစ်သာရများကို သိရှိနိုင်ရန် ကြိုးစားရမည်။
မူရင်းတင်သူအား
ကျေးဇူးအထူးတင်ပါသည်

No comments:

Post a Comment