{ မိအ်ရာဂ်ျနှင့် ဆွလာသ် }
၎.၅.၂၀၁၆..ဗုဒ္ဓဟူးနေ့သည်
မေအ်ရာဂ်ျညဖြစ်သည်
သာဝကကြီး အနတ်စ်သခင်ထံမှတစ်ဆင့် ကြားသိခဲ့ရ၏။ သာဝကကြီးအဗူဇရ်က ပြောပြခဲ့သည်မှာ - တမန်တော်မြတ်က ဤသို့ပြောပြတော်မူခဲ့ပါသည်။ ငါမက္ကဟ်မှာရှိနေစဉ် ငါ၏အိမ်ခေါင်မိုးသည် ပွင့်သွားသည်။ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်ဆင်းလာသည်။ ငါ၏ရင်ကို ဖွင့်သည်။ ဇမ်ဇမ်ရေနှင့် ဆေးကြောသည်။ ထို့နောက် (ဟစ်က်မသ်)ဥာဏ်၊ (အီမာန်)ယုံကြည်ချက်ဖြင့် ပြည့်လျှံနေသော ရွှေခွက်တစ်ခွက် ယူလာပြီး၊ ထိုရွှေခွက်ကို ငါ၏ရင်တွင် လောင်းထည့်သည်။ ပြီးနောက် ရင်ကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်သည် ငါ၏လက်ကိုဆွဲကာ ငါ့အားဤကမ္ဘာ၏မိုးသို့တက်သွားသည်။ ငါ ဤကမ္ဘာ၏မိုးသို့ ရောက်သည့်အခါ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က မိုး၏တံခါးမှူးအား “တံခါးဖွင့်ပါ”ဟုပြောရာ၊ တံခါးမှူးက “မည်သူပါနည်း”ဟုမေးသည်။ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “ကျွန်ုပ်ဂျစ်ဗ္ဗရီလ်ပါ”ဟုဖြေလိုက်သည်။ တံခါးမှူးက “အသင်နှင့်အတူ အခြားတစ်ဦးတစ်ယောက်ပါ ပါသည်လော”ဟု မေးမြန်းရာ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “ကျွန်ုပ်နှင့်အတူ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ပါသည်”ဟုဖြေလိုက်သည်။ တံခါးမှူးက “တမန်တော်မြတ်ထံ အခေါ်တော် စေလွှတ်တော်မူပြီလော”ဟုမေးရာ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “အင်း”ဟု ဖြေလိုက်သည်။ တံခါးမှူးက တံခါးဖွင့်လိုက်သည့်အခါ “ငါတို့သည် ဤကမ္ဘာ၏မိုးပေါ်သို့ တက်ရောက်လာခဲ့ကြသည်”ဟု တမန်တော်မြတ်က ပြောပြတော်မူသည်။
ထိုအခါ ထိုင်နေသော ပုဂ္ဂိုလ်တစ်ဦးကို ရုတ်တရက် တွေ့မြင်ရသည်။ ထိုသူ၏ လက်ယာဘက်တွင် အချို့သူများ၊ ထိုသူ၏ လက်ဝဲဘက်တွင်လည်း အချို့သူများ ရှိနေကြသည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ လက်ယာဘက်သို့ကြည့်သောအခါ ပြုံးရယ်သည်။ မိမိ၏ လက်ဝဲဘက်သို့ကြည့်သောအခါ ငိုကြွေးသည်။ ထိုပုဂ္ဂိုလ်က “အရည်အသွေး ပြည့်စုံလှပါသော သားတော်၊ အရည်အသွေး ပြည့်စုံလှပါသော တမန်တော်အား ကြိုဆိုပါသည်”ဟု နှုတ်ခွန်းဆက်ပါသည်။ ငါက ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်အား “ဤပုဂ္ဂိုလ်သည် မည်သူပါနည်း”ဟုမေးရာ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “ဤပုဂ္ဂိုလ်သည် ဖခင်ကြီး အာဒမ် (အလိုင်ဟိစ္စလာမ်)ဖြစ်ပါသည်”ဟု လျှောက်ထားသည်။ ဖခင်ကြီး အာဒမ်၏ လက်ယာဘက်နှင့် လက်ဝဲဘက်တွင် ရှိသောသူများမှာ ဖခင်ကြီး၏ သားသမီများ၏ ဝိညာဉ်များပင်ဖြစ်သည်။ လက်ယာဘက်တွင် ရှိသောသူများမှာ ဂျန္နသ်သားများ ဖြစ်ကြသည်။ လက်ဝဲဘက်တွင် ရှိသူများမှာ ဂျဟန္နမ်သားများ ဖြစ်ကြသည်။ သို့အတွက်ကြောင့်ပင် ဖခင်ကြီးသည် မိမိ၏လက်ယာဘက်သို့ကြည့်လျှင် ပြုံးရယ်တော်မူခြင်းဖြစ်သည်။ မိမိ၏ လက်ဝဲဘက်သို့ကြည့်လျှင် ငိုကြွေးတော်မူခြင်းဖြစ်သည်။
ထို့နောက်ငါ့အား ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်သည် ဒုတိယမိုးသို့ ပင့်ခေါ်တက်သွားသည်။ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က ဒုတိယမိုး၏တံခါးမှူးအား “တံခါးဖွင့်ပါ”ဟုပြောရာ၊ ဒုတိယတံခါးမှူးက ပထမမိုး၏ တံခါးမှူး မေးမြန်းသကဲ့သို့ပင် မေးမြန်းသည်။ ထို့နောက်တံခါးဖွင့်ပေးလိုက်သည်။
သာဝကကြီး အနတ်စ်သခင်က ပြောပြသည်မှာ သာဝကကြီးအဗူဇရ်က ဆက်လက်၍ ဤသို့ပြောပြခဲ့သည် - တမန်တော်မြတ်သည် မိုးများတွင် (ဖခင်ကြီး)အာဒမ်၊ (တမန်တော်)အီဒရီးစ်၊ (တမန်တော်)မူစာ၊ (တမန်တော်)အီစာနှင့် (တမန်တော်)အိဗ်ရာဟင်မ် (ဆွလဝါသုလ္လာဟိ အလိုင်ဟင်မ်)တို့အား တွေ့တော်မူခဲ့ပါသည်။ သို့ရာတွင် သာဝကကြီးအဗူဇရ်က တမန်တော်မြတ်သည် (ဖခင်ကြီး)အာဒမ်အား ဤကမ္ဘာ၏မိုးတွင်လည်းကောင်း၊ (တမန်တော်)အိဗ်ရာဟင်မ်အား ဆဋ္ဌမမိုးတွင်လည်းကောင်း တွေ့မြင်တော်မူခဲ့ပါသည်ဟူ၍သာ ဖော်ပြခဲ့ပါသည်။ ကျန်တမန်တော်များ၏ တည်ရှိရာဌာနများကိုမူ ဖော်ပြထားခဲ့သည်မရှိပါ။
ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်သည် တမန်တော်မြတ်အား ပင့်ဆောင်၍ (တမန်တော်)အီဒရီးစ်ထံ ရောက်သည့်အခါ (တမန်တော်)အီဒရီးစ်က “အရည်အသွေး ပြည့်စုံလှပါသော ညီတော်၊ အရည်အသွေး ပြည့်စုံလှပါသော တမန်တော်အား ကြိုဆိုပါသည်”ဟု နှုတ်ခွန်းဆက်ပါသည်။ ထိုအခါ ငါက ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်အား “ဤပုဂ္ဂိုလ်သည် မည်သူပါနည်း”ဟုမေးရာ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “ဤပုဂ္ဂိုလ်သည် (တမန်တော်)အီဒရီးစ်(အလိုင်ဟိစ္စလာမ်)ဖြစ်ပါသည်”ဟု လျှောက်ထားပါသည်။
အင်ရှာလာဟ်မနက်ဖြန်ဆက်ပါဦးမည်း
No comments:
Post a Comment