အာယသ်တော်၏ အဓိပ္ပါယ်
" သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို ( ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း ၊ ငါအရှင်မြတ်၏ အမိန့်တော်များကို ရိုသေစွာ လိုက်နာခြင်းအားဖြင့် လည်းကောင်း ) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင်မြတ်သည်လည်း အသင်တို့အား ( ကူညီ စောင့်ရှောက်တော်မူခြင်းအားဖြင့် ) သတိရတော်မူအံ့။ ထိုမှတပါး အသင်တို့သည် ငါအရှင်မြတ်၏ ကျေးဇူးတော်ကို သိကြကုန်လော့၊ အသင်တို့သည် ငါအရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။ "
ကုရ်အာန် ( စူရဟ် ဗကရဟ် အာယသ်တော် -၁၅၂ )
ရှင်းလင်းချက် ။ ။
အရှင်မြတ်ကို သတိရခြင်းသည် မည်သည့်အချိန်၌ မည်သည့်ဌာန၌ ဖြစ်ရမည်ဟူ၍ ပိုင်းခြားသတ်မှတ်ထားသည်မရှိ။ အချိန်မရွေး ဌာနမရွေး အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြပေမည်။
အရှင်မြတ်အား သတိရခြင်းသည် အခြားမဟုတ် အစစအရာရာကို ထိုအရှင်မြတ်၏ အမိန့်တော် တရားဒေသနာတော်နှင့်အညီ ပြုကျင့်ခြင်းပင်တည်း။
အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားတော်မူချက်ကို တမန်တော်မြတ် မုဟမ္မဒ် ( صلی اللّہ علیہ وسلم ) က အောက်ပါအတိုင်း တဆင့်မိန့်ကြားတော်မူခဲ့သည်။
" ငါ ( အလ္လာဟ်အရှင်မြတ် ) သည် ငါ့အား ငါ့ဗန္ဒဟ် ထင်မြင်ယူဆသည့်အတိုင်းပင် ဖြစ်တော်မူသည်။ သူသည် ငါ့ကိုသတိရလျှင် ငါသည် သူနှင့်အတူတကွ ရှိတော်မူသည်။ သူသည် ငါ့ကို မိမိစိတ်၌ သတိရလျှင် ငါသည် မိမိစိတ်၌ပင် သူ့ကိုသတိရတော်မူသည်။ သူသည်ငါ့ကို ပရိသတ်ရှေ့၌ တ,သ သတိရလျှင် ငါသည် ထိုပရိသတ်ထက် ကောင်းမြတ်သော ပရိသတ်ရှေ့၌ သူ့ကိုသတိရတော်မူသည်။ သူသည် ငါ့ထံ တစ်ထွာချဉ်းကပ်လျှင် ငါသည် သူ့ထံ တစ်တောင်ချဉ်းကပ်တော်မူသည်။ သူသည် ငါ့ထံ တစ်တောင်ချဉ်းကပ်လျှင် ငါသည် သူ့ထံ တစ်လံချဉ်းကပ်တော်မူသည်။ သူသည် ငါ့ထံဖြည်းဖြည်းလာလျှင် ငါသည် သူထံသို့ လျင်မြန်စွာ ကြွတော်မူသည်။
{ ဗုခါရီကျမ်း မုစ်လင်မ်ကျမ်း ဒုရ်ရိမန်ဇူရ်ကျမ်း }
အမြင့်မြတ်ဆုံးသော ဇိက်ရ် ဘာဝနာပွားခြင်းသည် " လားအိလားဟ အိလ္လလ္လာဟ် " ဟုဆိုခြင်းဖြစ်သည်။ အမြင့်မြတ်ဆုံးသော ကျေးဇူးတင်ခြင်းသည် " အလ်ဟမ်ဒုလိလ္လာဟ် " ဟုဆိုခြင်းဖြစ်သည်။
{ ဒုရ်ရိမန်ဇူရ်ကျမ်း }
အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရခြင်းအားဖြင့် မုစ်လင်မ်တို့၏ စိတ်နှလုံးများသည် အေးချမ်းတည်ငြိမ်နှစ်သိမ့်ကြည်နူးသည့်အကြောင်း ကုရ်အာန် ( စူရဟ်ရအဒ်၏ အာယသ်တော် -၂၈ ) တွင် ပါရှိလေသည်။
No comments:
Post a Comment