ထို့နောက်ငါသည် (တမန်တော်)မူစာထံ ရောက်သောအခါ (တမန်တော်)မူစာက “အရည်အသွေး ပြည့်စုံလှပါသော ညီတော်၊ အရည်အသွေး ပြည့်စုံလှပါသော တမန်တော်အား ကြိုဆိုပါသည်”ဟု နှုတ်ခွန်းဆက်ပါသည်။ ထိုအခါ ငါက ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်အား “ဤပုဂ္ဂိုလ်သည် မည်သူပါနည်း”ဟုမေးရာ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “ဤပုဂ္ဂိုလ်သည် (တမန်တော်)မူစာ (အလိုင်ဟိစ္စလာမ်)ဖြစ်ပါသည်”ဟု လျှောက်ထားပါသည်။
ထို့နောက်ငါသည် (တမန်တော်)အီစာထံ ရောက်သောအခါ (တမန်တော်)အီစာက “အရည်အသွေး ပြည့်စုံလှပါသော ညီတော်၊ အရည်အသွေး ပြည့်စုံလှပါသော တမန်တော်အား ကြိုဆိုပါသည်”ဟု နှုတ်ခွန်းဆက်ပါသည်။ ထိုအခါ ငါက ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်အား “ဤပုဂ္ဂိုလ်သည် မည်သူပါနည်း”ဟုမေးရာ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “ဤပုဂ္ဂိုလ်သည် (တမန်တော်)အီစာ (အလိုင်ဟိစ္စလာမ်)ဖြစ်ပါသည်”ဟု လျှောက်ထားပါသည်။
ထို့နောက်ငါသည် (တမန်တော်)အိဗ်ရာဟင်မ်ထံ ရောက်သောအခါ (တမန်တော်)အိဗ်ရာဟင်မ်က “အရည်အသွေး ပြည့်စုံလှပါသော သားတော်၊ အရည်အသွေး ပြည့်စုံလှပါသော တမန်တော်အား ကြိုဆိုပါသည်”ဟု နှုတ်ခွန်းဆက်ပါသည်။ ထိုအခါ ငါက ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်အား “ဤပုဂ္ဂိုလ်သည် မည်သူပါနည်း”ဟုမေးရာ ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်က “ဤပုဂ္ဂိုလ်သည် (တမန်တော်)အိဗ်ရာဟင်မ် (အလိုင်ဟိစ္စလာမ်)ဖြစ်ပါသည်”ဟု လျှောက်ထားပါသည်။
အိဗ်နုရှိဟာဗ်က ပြောပြခဲ့သည်မှာ ကျွန်ုပ်အား အိဗ်နုဟတ်ဇမ်က အောက်ပါအတိုင်းပြောပြသည်။ သာဝကကြီး အိဗ်နုအဗ္ဗားစ်နှင့် အဗူဟဗ္ဗဟ်အန်ဆွာရီတို့က ပြောပြလေ့ရှိခဲ့ကြသည်မှာ - တမန်တော်မြတ်က ဆက်လက်ပြောပြတော်မူခဲ့သည်မှာ “ထို့နောက် ငါ့အား မြင့်စွင့်သော ဌာနတစ်ခုသို့ ပင့်ခေါ်သွားပြန်သည်။ ထိုဌာနတွင် ကလောင်များ၏ ခြစ်သံများကို ငါကြားရသည်။”
အိဗ်နုဟတ်ဇမ်နှင့် အနတ်စ်ဗင်န်မာလစ်က်တို့က ပြောပြခဲ့သည်မှာ - တမန်တော်မြတ်က “အလ္လာဟ်အရှင်မြတ်သည် ငါ၏နောက်လိုက် အွန်မ်မသ်သားများအပေါ်၌ ဆွလာသ်အကြိမ်ငါးဆယ် ဝတ်ပြုရန် (ဖွရတ်ဒွ်) မလုပ်မနေရ တာဝန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းတော် မူလိုက်ကြောင်း”ပြောပြတော်မူပါသည်။ ထို့နောက် ငါသည် ထိုအမိန့်ကို ယူဆောင်၍ ပြန်လာခဲ့သည်။ တမန်တော်မူစာနှင့် တွေ့သောအခါ တမန်တော်မူစာက “အလ္လာဟ်အရှင်မြတ်သည် အသင်၏နောက်လိုက် အွန်မ်မသ်သားများအပေါ်၌ အဘယ်အရာကို (ဖွရတ်ဒွ်)သတ်မှတ်ပြဋ္ဌာန်းတော် မူပါသနည်း”ဟုမေးရာ၊ ငါက “ဆွလာသ်အကြိမ်ငါးဆယ် သတ်မှတ်ပြဋ္ဌာန်းတော် မူလိုက်ပါသည်”ဟု ပြောပြသည်။ တမန်တော်မူစာက “အသင် မိမိ၏ အရှင်မြတ်ထံ ပြန်သွားပြီး အသနားခံပါ။ အဘယ်ကြောင့်ဆိုသော် အသင်၏ အွန်မ်မသ်နောက်လိုက်များသည် ဤတာဝန်ကို ထမ်းဆောင်နိုင်ကြမည် မဟုတ်ပါ”ဟု ပြောပြပါသည်။
ထိုအခါ ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်လာခဲ့ပြီး အသနားခံရာ၊ အလ္လာဟ်အရှင်မြတ်သည် ဆွလာသ်ဝတ်ပြုမှု၏ တစ်စိတ်တစ်ဒေသကို ခွင့်လွှတ်တော်မူလိုက်ပါသည်။ ထို့နောက်ငါသည် တမန်တော်မူစာနှင့် ပြန်တွေ့ပြန်ရာ ငါက “အလ္လာဟ်အရှင်မြတ်သည် ဆွလာသ်၏ တစ်စိတ်တစ်ဒေသကို ခွင့်လွှတ်တော်မူလိုက်ပါသည်”ဟု ပြောပြပါသည်။ တမန်တော်မူစာက “အသင် မိမိ၏ အရှင်မြတ်ထံ ပြန်သွားပြီး အသနားခံပါ။ အသင်၏ အွန်မ်မသ်နောက်လိုက်များသည် ဤမျှကိုပင် ထမ်းဆောင်နိုင်ကြမည် မဟုတ်ပါ”ဟု ပြောပြပြန်ပါသည်။ ထိုအခါ ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်လည်သွားရောက် အသနားခံပါသည်။ အလ္လာဟ်အရှင်မြတ်သည် ဆွလာသ်၏ တစ်စိတ်တစ်ဒေသကို ထပ်မံ၍ ခွင့်လွှတ်တော်မူလိုက်ပါသည်။ ထို့နောက် ငါသည် တမန်တော်မူစာနှင့် တွေ့ပြန်ရာ တမန်တော်မူစာက (ယခင်အတိုင်းပင်) “အသင် မိမိ၏ အရှင်မြတ်ထံ ပြန်သွားပြီး အသနားခံပါ။ အသင်၏ အွန်မ်မသ်နောက်လိုက်များသည် ဤမျှကိုလည်း ထမ်းဆောင်နိုင်ကြမည် မဟုတ်ပါ”ဟု ပြောပြပြန်ပါသည်။ ထိုအခါ ငါသည် မိမိအရှင်မြတ်ထံတော်သို့ ပြန်လည်သွားရောက် အသနားခံပြန်ရာ -
အလ္လာဟ်အရှင်မြတ်က “ဤသည် ငါးကြိမ်ဖြစ်သည်။ သို့သော် အကြိမ်ငါးဆယ်၏ အကျိုးကိုရမည်။ ငါ၏ထံတော်တွင် စကားမပြောင်း”ဟု မိန့်ကြားတော်မူလိုက်ပါသည်။
ထို့နောက် တမန်တော်မူစာနှင့် တွေ့ပြန်ရာ တမန်တော်မူစာက (ယခင်အတိုင်းပင်) “အသင် မိမိ၏ အရှင်မြတ်ထံသို့ ပြန်လည်သွားရောက်ပြီး အသနားခံပါဦး”ဟူ၍ပင် ပြောပြန်ရာ ငါက “ကျွန်ုပ်သည် မိမိ၏အရှင်မြတ်အား (အကြိမ်ကြိမ် အသနားခံရသည့်အတွက် ထပ်မံအသနားခံရန်) ရှက်လှပါသည်”ဟု ပြောပြလိုက်ပါသည်။
ထို့နောက် ကောင်းကင်တမန် ဂျစ်ဗ္ဗရီလ်သည် ငါ့အား ဆက်လက်၍ စစ်ဒရသုလ်မွန်သဟာ အပင်ကြီးအထိ ပင့်ခေါ်လာပါသည်။ (Sidrat-ul-Muntaha: lote tree of the utmost boundary) ထိုအပင်ကြီးကို အရောင်မျိုးစုံက လွှမ်းခြုံထားသည်။ ထိုအရောင်များ အဘယ်ဖြစ်သည် ငါမသိ။ ထို့နောက် ငါ့အား ဂျန္နသ်ဥယျာဉ်မြတ်အတွင်းသို့ ပင့်ခေါ်လာသည်။ ထိုဥယျာဉ်မြတ်တွင် ပုလဲများဖြင့် တည်ဆောက်ထားသည့် တဲများကို တွေ့ရှိရပါသည်။ ထိုဥယျာဉ်မြတ်၏ မြေမှာ (Musk) ကတိုးဖြစ်သည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်ဟု ပြောပြတော်မူလေသည်။
ကြည့် - ဆွဟီးဗုခါရီကျမ်း၊ အတွဲ(၁)၊ အမှတ် (၃၄၅)
[သီရိပျံချီ အလ်ဟာဂ်ျ ဃာဇီမုဟမ္မဒ်ဟာရှင်မ်ရေး ဗုခါရီကျမ်း မြန်မာဘာသာပြန် (၂) စာ ၁ - ၆ မှ ကူးယူဖော်ပြပါသည်။]
No comments:
Post a Comment